ဗုဒ္ဓယဉ်ကျေးမှု အခြေပြုသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်



 ဗုဒ္ဓယဉ်ကျေးမှု အခြေပြုသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်

အရှင်အရိယာစာရ၊ ဥက္ကလံမြို့၊ ဓမ္မအေးရိပ်ကျောင်း

သြဂုတ် ၇၊ ၂၀၁၂

သာသနာတော်နှစ်၂၅၅၆ခု၊မြန်မာသက္ကရာဇ်  ၁၃၇၄ခု၊ဒုတိယဝါဆိုလဆန်း (  ၄ )      ရက် (၀၇။၂၂။၂၀၁၂)- တနင်္ဂနွေနေ့တွင်၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဥက္ကလံမြို့ရှိဓမ္မအေးရိပ်ကျောင်းမှာ၊ ဗုဒ္ဓယဉ်ကျေးမှု  အခြေပြုသင်တန်းကို ဒုတိယအကြိမ် အဖြစ် ဖွင့်ဖြစ်ပါတယ်။

သင်တန်းစတင်ဖွင့်လှစ်တဲ့အခမ်းအနားမှာ သင်တန်းနှင့်စပ်တဲ့အကြောင်းအရာ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကိုပြောချင်ပါတယ်။

          ယခုလိုဗုဒ္ဓယဉ်ကျေးမှု အခြေပြုသင်တန်းကို ဖွင့်လှစ်ခြင်းအားဖြင့် သင်တန်းကို တက်ရောက်သင်ယူကြတဲ့ အနာဂါတ်မျိုးဆက်သစ်များအတွက်-

၁။    ဗုဒ္ဓဘာသာရဲ့အခြေခံကောင်းများ နှင့်ရတနာသုံးပါးရဲ့ ဂုဏ်ကျေးဇူးများကိို ပိုမိုသိရှိနားလည်သဘောပေါက်လာပြီးမြတ်ဗုဒ္ဓသာသနာတော်ကို လေးနက်စွာသက်ဝင်ယုံကြည်ကာ သဒ္ဓါတရားများတိုးပွားလာနိုင်ခြင်း။

၂။ မိမိ၏တိုင်းပြည်နှင့်လူမျိုးအပေါ်၊  ဘာသာသာသနာနှင့်ရိုးရာယဉ်ကျေးမှု အမွေနစ်များ အပေါ်၌ မြတ်မြတ်နိုးနိုး တန်ဘိုးထားတတ်သော စိတ်ဓာတ်ကောင်း များဖြစ်ပေါ်လာစေခြင်း။

၃။      မိမိတို့၏ အမျိုးဘာသာသာသနာတော်ကို တစ်ပါးသောမိစ္ဆာရန်တို့မှ ကာကွယ်ဖို့ အားကိုးအားထားပြုရသော လူတော်လူကောင်းများဖြစ်ပေါ်လာနိုင် စေ ခြင်း။

၄။ သာသနာတော်အတွက် ဗီဇမှန်၍အပင်သန်သော မျိုးကောင်းမျိုးသန့်ကလေး များ စဉ်ဆက်မပြတ်ထွက်ပေါ် ထွက်လာနိုင်ခြင်း၊

၅။ လူ့သဘာဝ အကျင့်ဆိုး မကောင်းမှု ဒုစရိုက်မျိုးကို  ရှောင်ရဲတဲ့သတ္တိ၊ ကောင်းမှုသုစရိုက်များကို ပြုလုပ်ရဲတဲ့သတ္တိများ တိုးပွားလာနိုင်ခြင်း။

 စတဲ့ကောင်းကျိုးများ ဖြစ်ထွန်းလာလိမ့်ဆိုတာကို မျှော်လင့်မိတယ်။

၁။    ဗုဒ္ဓဘာသာရဲ့အခြေခံကောင်းများ နှင့်ရတနာသုံးပါးရဲ့ ဂုဏ်ကျေးဇူးများကိို ပိုမိုသိရှိနားလည်သဘောပေါက် လာပြီး မြတ်ဗုဒ္ဓသာသနာတော်ကို လေးနက်စွာသက်ဝင်ယုံကြည်ကာ သဒ္ဓါတရားများတိုးပွားလာနိုင်ခြင်း။

                  လောကမှာ ရွှေငွေကျောက်သံပတ္တမြားစတဲ့ရတနာရဲ့တန်ဘိုးကို သိရှိနားလည်ပါမှ ရွှေငွေစတဲ့ရတနာများကိုအမှီပြုပြီး အကျိုးစီးပွား တိုးပွားအောင် ထပ်ရှာနိုင်သလို  မိမိကိုးကွယ်သော ဘာသာသာသနာတော်ရဲ့ အကြောင်းကို သိရှိနားလည်ပါမှ ဘာသာ သာသနာတော်ရဲ့တန်ဘိုးကို သိမှာဖြစ်ပါတယ်။ ဘာသာသာသနာတော်၏တန်ဘိုးကိုသိရှိနားလည်ပါမှ  ဘာသာသာသနာနှင့်စပ်၍ မိမိနှင့်လောက ကောင်းကျိုးအတွက် လောကီလောကုတ္တရာအကျိုးစီးပွားတွေ တိုးပွားအောင်ပြုလုပ်နိုင်မည် ဧကန်ဖြစ်ပေသည်။

          တောမှာကျက်စား တောထဲကသားသမင်များဟာ မိမိရှေ့မှောက်မှာ ရောက်နေတဲ့ ပတ္တမြားကို မြင်တွေ့ပေမယ့် တန်ဘိုးမသိတော့ မြတ်နိုးရကောင်းမှန်းမသိပေ  မြက်ကိုသာမြိန်ယှက်စွာစားသလို။ ဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီး၏ ဂုဏ်ကျေးဇူးအထူးကို မသိကြသော အချို့သောသူများသည်လည်း ယခုမျက်မှောက် ကာလမှာပင် မြတ်ဗုဒ္ဓသာသနာတော်ကြီးနှင့် တွေ့ကြုံနေရသော်လည်း သာသနာတော်ရဲ့ဂုဏ် ကျေးဇူးကိုမသိ အလေးမထား မမြတ်နိုးနိုင်ကြပေ မိမိခံစားနေကြကာမဂုဏ် ဝဋ်ဒုက္ခသံသရာဝဲသြဃမှ ရုန်းမထွက်နိုင်ပဲ နစ်မျှောနေကြသလိုပဲတဲ့။

          အဲဒါကြောင့် မိမိနှင့် လောက ကောင်းကျိုးပြု လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သာသနာတော်ရဲ့ဂုဏ်ကျေးဇူးကိုသိပြီး ယုံကြည်သက်ဝင်တဲ့ သဒ္ဓါတရားတွေ တိုးပွားလာစေချင်တယ်။ ဗုဒ္ဓမြတ်စွာသာသနာတော်ကြီးကို အသိဉာဏ်မဲ့ကိုးကွယ်မှုမျိုးမဖြစ်စေလိုပါ။ ပညာရှိကိုးကွယ်မှုမျိုးသာ ဖြစ်စေချင်တယ်။

         မိမိကိုးကွယ်တဲ့ ကိုယ့်ဘာသာအကြောင်းကို ကောင်းကောင်းသိရှိ နားလည်စေချင်တဲ့ ပထမရည်ရွယ်ချက်ြ်ဖင့်လည်း ဤဗုဒ္ဓယဉ်ကျေးမှုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါတယ် ။

၂။ မိမိ၏တိုင်းပြည်နှင့်လူမျိုးအပေါ်၊  ဘာသာသာသနာနှင့့်ရိုးရာယဉ်ကျေးမှု အမွေနစ်များ အပေါ်၌ မြတ်မြတ်နိုးနိုး တန်ဘိုးထားတတ်သော စိတ်ဓာတ်ကောင်း များဖြစ်ပေါ်လာစေခြင်း။

          ပစ္စည်းတစ်ခု တန်ဘိုးရှိမှန်းသိရင် အဲဒီပစ္စည်းအပေါ်မှာ တန်ဘိုးထားတတ်မြတ်နိုးတတ်လာတယ်။မြတ်နိုးပါမှထိမ်းသိမ်းစောင့်ရှောက်နိုင် ကြမယ်။ ဒီလိုပါပဲသာသနာတော်ရဲ့ တန်ဘိုးကိုနားလည်ပါမှ သာသနာတော်ကို မြတ်နိုးသဒ္ဓါ ဖြစ်နိုင်တာပေ့ါ။ မြတ်နိုးသဒ္ဓါဖြစ်ပါမှ သာသနာတော်ကို ကာကွယ်ထိမ်းသိမ်းစောင့်ရှောက်နိုင်မှာပါ။

          နောင်အနာဂါတ်သာသနာတော်အတွက် ငယ်ရွယ်တဲ့ကလေးတွေကို အားကိုးပါတယ်။ ပခုံးပြောင်းတာဝန်ကိုထမ်းဆောင်စေချင်တယ်။ ယခုကလေး တွေအတွက် အလေးထားဆောင်ရွက်နေတယ်ဆိုတာ ဒီသဘောပါပဲ။ နောင်အနာဂါတ်အတွက် တစ်မျှော်တစ်ခေါ်ကြီးကို စဉ်းစားပြီးလုပ်နေရတာ။ ယနေ့လူငယ် နောင်ဝယ်လူကြီး အသီးသီးတို့ ဖြစ်ကြမည်မှာ မလွဲသာတည်းဆိုတဲ့အတိုင်း နောင်အနာဂါတ်မျိုးဆက်သစ်တို့ရဲ့ လူကြီးတစ်ဖြစ် လည်းဘဝ ရောက်ကြတဲ့အခါ သာသနာတော်ရဲ့ဂုဏ်သိက္ခာကို သူတို့ကပဲ ဆက်လက်ထိမ်းသိမ်းသွားမှာပါ။

         ဘုန်းကြီးတို့မြန်မာ့ယဉ်ကျေးမှု၊ ဘာသာစကား၊ စာပေဓလေ့ ထုံးတမ်း စဉ်လာတွေဟာ ဗုဒ္ဓဟောကြား မြတ်ဓမ္မ စာပေပရိယတ္တိများကို အခြေခံထားပါတယ်။ ပရိယတ္တိဓမ္မလို့ခေါ်တဲ့ မြတ်ဗုဒ္ဓသာသနာပျောက်ကွယ်ယင် မြန်မာ့ယဉ်ကျေးမှု၊ ဘာသာစကား၊ စာပေ၊ ဓလေ့ထုံးတမ်းများဟာလည်း ပျောက် ကွယ်သွားမှာပဲ။နောင်တစ်ချိန်မှာဖြစ်ပေါ်လာမည့်မြန်မာနိုင်ငံရဲ့ဆိုးမွေကောင်းမွေ   မှန်သမျှသည် ယခုလက်ရှိလူငယ်တွေရဲ့လက်ထဲမှာရှိပါတယ်။ ယခုခေတ်ဦးဇင်းတို့လက်ထဲမှာ ဗုဒ္ဓဘာသာဆိုတ ကောင်းမွေတွေ ရောက်နေတာဟာ ရှေးဘိုးဘွားလက်ထက်က ကောင်းမွေတွေ ရခဲ့လို့ပါ။့

          ဒီကလေးတွေရဲ့နှလုံးသားထဲမှာ ဒီဗုဒ္ဓယဉ်ကျေးမှုအမွေအနှစ်တွေကို ထည့်ပေးလိုက်ယင် ဒီကလေးတွေဟာ ဒီလိုကောင်းတဲ့အမွေအနှစ်တွေကို သယ်ဆောင်သွားမှာပါ။။ဒီကောင်းမွေတွေ ထည့်မပေးနိုင်ခဲ့ဘူးဆိုရင် ဗုဒ္ဓယဉ်ကျေးမှုတွေဟာလည်း အားလုံပျောက်ကွယ်ပြီး တိုင်းပြည်နှင့်လူမျိုးတို့၏ ဂုဏ်သည်လည်းမထည်ဝါ နှိုင်တော့ပဲ ယဉ်ကျေးမှုအမွေနှစ်များလည်း တိမ်ကောပျောက်ကွယ်သွားမည်မှာမလွဲပေ။ထို့ကြောင့်မိမိ၏တိုင်းပြည်နှင့်လူမျိုးအပေါ်၊  ဘာသာသာသနာနှင့့်ရိုးရာယဉ်ကျေးမှု အမွေနစ်များ အပေါ်၌ မြတ်မြတ်နိုးနိုး တန်ဘိုးထားတတ်သော စိတ်ဓာတ်ကောင်း များဖြစ်ပေါ်လာစေရန် ဒုတိယရည်ရွယ်ချက်ဖြင်လည်း့ ဤဗုဒ္ဓယဉ်ကျေးမှု သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါတယ်။

၃။ မိမိတို့၏အမျိုးဘာသာသာသနာတော်ကိုတစ်ပါးသောမိစ္ဆာရန်တို့မှကာကွယ် ဖို့ အားကိုးအားထားပြုရသော လူတော်လူကောင်းများဖြစ်ပေါ်လာနိုင်စေခြင်း။

         မိစ္ဆာရန်တွေဆိုတွေဟာနည်းမျိုးစုံနဲ့အနှောင့်ယှက်ပေးနိုင်တာပဲ။ သူတို့ဘာသာထဲကို နည်းမျိုးစုံနဲ့မရောက်ရောက် အောင် စွဲဆောင်တတ်တယ်။ ဒါတွေကိုတာဝန်ရှိ မိဘတွေ ဆရာသမားတွေက ခုခံကာကွယ်တိုက်ထုတ်ရမှာပါ၊ ခုခံကာကွယ်တိုက်ထုတ်တယ်ဆိုတာ သေနတ်တွေ အမြောက်တွေ လက်နက်တွေနဲ့ တိုက်ထုတ်ရမှာမဟုတ်ပါဘူး၊

         မိဘတွေက မိမိတို့၏ ရင်သွေးသားငယ် သမီးငယ်များကို ဘာသာရေးအသိ ဉာဏ်ပညာ၊  အလိမ္မာတွေ ရအောင် ဘုန်းတော်ကြီးတွေဆီကို ပို့ဆောင်ပြီးဖြစ်စေ ၊ ယခုလို ဗုဒ္ဓယဉ်ကျေးမှု သင်တန်းတွေပေးတက်ခိုင်း၍ဖြစ်စေ ပြုလုပ်ဆောင်ရွှက်ပေးရပါမယ်။

          ဘုန်းကြီးများကလည်း ကျောင်းရောက်လာတဲ့ကလေးသူငယ်များကို ဘာသာရေးနှင့်စပ်ဆိုင်သောဗဟုသုတဖြစ်ဖွယ်စာပေတွေသင်ပေးခြင်းအားဖြင့်ကလေးတွေရဲ့ နှလုံးသားထဲမှာဘာသာရေးအသိဉာဏ်တွေ ကိန်းအောင်လုပ်ပေး ခြင်းသည် မိစ္ဆာရန်သူတွေကို တိုက်ထုတ်တဲ့အကောင်းဆုံးလက်နက်ပါပဲ၊ သေနတ် စသောလက်နက်တွေထက် ပိုပြီးထိရောက်တဲ့ကာကွယ်မှုပါပဲ၊၊

          လူတစ်ယောက်ဟာကိုယ်ခံအားနည်းလျင် ရောဂါပေါင်းစုံးဝင်ရောက်ဖို့ရန် လွယ်ကူသလိုဘာသာရေးအသိဉာဏ်အားနည်းလျင်လည်းမိစ္ဆာဒိဋ္ဌိဖြစ်ဖို့ရာလွယ်ကူတယ်။ဓမ္မစာပေဖတ်ရှုမှု လေ့လာသင်ကြားမှု တရားနာမှုတွေနဲ့ ဝေးနေခြင်း သည်   မိစ္ဆာဒိဋ္ဌိနဲ့နီးဖို့အကြောင်းပါပဲ။  မိမိတို့ရဲ့ ကလေးငယ်များရဲ့အသိစိတ်ထဲမှာ မိစ္ဆာအမိုက်သရိုက်တွေ ဝင်ရောက်နေရာမယူခင် မှန်ကန်သော အသိဉာဏ်တွေ အရင်ရရှိ နေရာယူထားဖို့ အရေးကြီးပါတယ်။

          မိစ္ဆာအမှိုက်သရိုက်အသိတွေကနေရာယူထားယင် စွဲလမ်းမိသွားယင် တန်ဘိုးရှိတဲ့မှန်ကန်သောအသိတွေလက်ခံနိုင်ဖို့ဆိုတာမလွယ်ပါဘူး။  တစ်သံသရာလုံးကဆရာကောင်းသမားကောင်းတွေအတွေ့နည်းခဲ့လို့မိစ္ဆာဒိဋ္ဌိအဖြစ်များခဲ့ တာဆိုတော့ မိစ္ဆာဒိဋ္ဌိဖြစ်ဖို့ လွယ်ကူပါတယ်။

          အချိန်တွေကို စီးပွားရေး လူမှုရေးလောက်ထဲမှာ မြှပ်မနေကြပါနဲ့၊ မိမိအတွက် မိမိသားသမီးအတွက် သတိလေးထားကြပါအုံး၊ကြံံလိုမကျင့်နဲ့။ ကြံ့ဆိုတဲ့တိရိစ္ဆာန်ဟာ နောက်ကိုပြန်မကြည့်ပဲရှေ့ကိုပဲ ဇွတ်သွားနေတတ်တာပါ နောက်ကသားသမီးတွေ ဘာဖြစ်ကျန်ခဲ့မှန်းမသိဘူး။  ခြင်္သေ့ သစ်ကျားဆွဲခံရတာတွေ မသိဘူး။

          မိစ္ဆာရန်တွေဟာ  မိမိတို့ရဲ့ ရင်သွေငယ်တွေကို သိမ်းပိုက်ဖို့ လေးဘက်လေးမျက်နှာက ဝိုင်းနေတယ်။ ဘယ်ချိန်အဆွဲခံရမလဲဆိုတာ မသိဘူး။ သတိထားစောင့်ရှောက်ကြမှ။ အမှုမဲ့ အမှတ်မဲ့မနေကြနဲ့လို့ သတိပေးချင်တယ်။

         မိဘတွေအသုံးမကျ အမှုမဲ့အမှတ်မဲ့နေမိရင် အမျှော်အမြင်လွဲချော်ယင် တော့ မိမိရဲ့မျိုးဆက်ဖြစ်တဲ့ ကလေးတွေနစ်နာလိမ့်မယ်။ မိဘတွေကိုယ်တိုင်လည်း ကိုယ်ကျိုးနဲပြီး ကြီးကံတွေ ညံ့လို့    ဘဝမှာနေမပျော်ပဲ ဖြစ်တတ်တယ်ဆိုတာ သတိယူကြပါလို့ တိုက်တွန်းလိုပါတယ် ။

          မိဘတွေဟာ သားသမီးတွေအပေါ်မှာ အဆုံးအပိုင်းအခြားမရှိ မရေတွက်နိုင်သော များပြားသောအနန္တမေတ္တာတွေ ရှိကြပါတယ်၊

ဒါပေမယ့် အဲဒီမေတ္တာတွေ သားသမီးတွေအပေါ်ပေးဝေမှုမှာ တစ်ဦးနှင့်တစ်ဦး မတူကြပါဘူး၊

          တစ်ချို့က တိုတောင်းသောမေတ္တာကိုပဲပေးတတ်ကြပါတယ်၊ တစ်ချို့က ရှည်လျားသော အနန္တမေတ္တာကို ပေးပါတယ်၊

         တိုတောင်းသောမေတ္တာဆိုတာ ယခုပစ္စုပ္ပုန်တစ်ဘဝချမ်းသာရေးကိုဆိုလို ပါတယ်တယ်၊ ရှည်လျားသောမေတ္တာဆိုတာ ယခုပစ္စုပ္ပုန်တစ်ဘဝသာမက နောင်သံသရာဘဝများစွာအထိ ချမ်းသာရေးကို ရှေ့ရှုပြီးဆောင်ရွက်ပေးတာကို ဆိုလိုပါတယ်၊

         ငယ်ရွယ်တဲ့ယခုလိုအချိန်မှာ ကလေးတွေရဲ့စိတ်ဟာ ပြော့ပြောင်းတဲ့ ဖော့ဖယောင်းလို ကိုယ်လိုချင်တဲ့ပုံစံ သွင်းလို့ရတဲ့အရွယ်မှာ မိမိတို့ရဲ့ အမျိုး ဘာသာ သာသနာ ကိုကာကွယ်စောင့်ရှောက်နိုင်ဖို့ရန် ဗုဒ္ဓယဉ်ကျေးမှု အမွေနစ်များ ထည့်ပေးထားခြင်းဖြင့် မိမိတို့၏အမျိုးဘာသာသာသနာတော်ကို တစ်ပါးသောမိစ္ဆာရန် တို့မှကာကွယ် ဖို့ အားကိုးအားထားပြုရသော လူတော်လူကောင်းများဖြစ်ပေါ်လာနိုင်ခြင်းဆိုတဲ့ တတိယရည်ရွယ်ချက်ဖြင့် လည်း ဤဗုဒ္ဓယဉ်ကျေးမှု သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါတယ်။

၄။ သာသနာတော်အတွက် ဗီဇမှန်၍ အပင်သန်သော မျိုးကောင်းမျိုးသန့်ကလေးများ စဉ်ဆက်မပြတ်ထွက်ပေါ် ထွက်လာနိုင်ခြင်း၊

         ဗုဒ္ဓဘာသာယဉ်ကျေးမှုအသိပညာတွေ သင်ယူလေ့လာထားယင် ၎င်းအသိပညာကိုအခြေခံပြီး၊ အမျိုးကောင်းသားအမျိုးကောင်းသမီးများဖြစ်လာ နိုင်တယ်။အမျိုးကောင်းယင် ဗီဇမှန်မယ် ဗီဇမှန်ယင် အပင်သန်မယ်၊

          ဗီဇမှန်အပင်သန်မှသာလျင်သာသနာတော်အတွက် ရှင်သန်ကြီးထွားမယ် ဖွံဖြိုးတိုးတက်မယ် စိတ်ဓါတ်ဖွံဖြိုး အသိဉာဏ်တွေတိုးကာ သာသနာတော်ကို လည်းတိုးတက်စည်ပင်ပြန့်ပွားအောင်စောင့်ရှောက်နိုင်ကြလိမ့်မယ်လို့ယုံကြည်ပါတယ်။ကိုယ့်ကျိုးအတွက်ကြည့်ပြီးမူမမှန်တဲ့သာတဲ့ဘာသာနောက်လိုက်ဆိုတာမျိုးမဖြစ်စေချင်ဘူး။

          မိဘများဖြစ်ကြတဲ့မိမိတို့၏ ဘိုးဘွားမိဘများရဲ့ မျိုးဆက်အမွေ ။  ကိုးကွယ်မှူ  ဘာသာအမွေကို သားစဉ် မြေးဆက် ထိမ်းသိမ်းနိုင်ဖို့ ဆိုရင် ဗီဇမှန်ဖို့ သိပ်အရေးကြီးလှပါတယ် ။ မှန်ကန်တဲ့ မျိုးဗီဇ ဖြစ်ဖို့ဆိုရင်လည်း ဘာသာယဉ်ကျေး မှု စာပေများနှင့်ကင်းကွာနေ၍ မဖြစ်ပါ ။ မိမိ၏ ဘာသာ သာသနာနှင့် စပ်ဆိုင်သော ဗဟုသုတများကို စဉ်ဆက်မပြန် လေ့လာမှတ်သားရမည် ဖြစ်ပါသည်။

          သို့မှ မျိုးစေ့လည်းမှန်ကန် အပင်လည်းသန် မည်ဖြစ်ပြီး မိမိတို့၏ မျိုးရိုးစဉ်လာ ဘာသာသာသနာမွေကို ထိမ်းသိမ်းစောင့်ရှောက်နိုင်လိမ့်မည်ဖြစ် သည်။ထို့ကြောင့်သာသနာတော်အတွက်ဗီဇမှန်၍အပင်သန်သောမျိုးကောင်းမျိုးသန့်ကလေးများစဉ်ဆက်မပြတ်ထွက်ပေါ် ထွက်လာနိုင်ခြင်းဆိုတဲ့စတုတ္တ ရည်ရွယ်ချက်ဖြင့်လည်းဤဗုဒ္ဓယဉ်ကျေးမှုသင်တန်းကိုဖွင့်လှစ်ရခြင်းဖြစ်ပါတယ်။.

၅။ လူ့သဘာဝ အကျင့်ဆိုး မကောင်းမှု ဒုစရိုက်မျိုးကို  ရှောင်ရဲတဲ့သတ္တိ၊ ကောင်းမှုသုစရိုက်များကို ပြုလုပ်ရဲတဲ့သတ္တိများ တိုးပွားလာနိုင်ခြင်း စတဲ့ကောင်းကျိုးများဖြစ်ထွန်းလာနိုင်ခြင်း။

          အကုသိုလ် ဒုစရိုက်များကို ရှက်ရကောင်းမှန်းသိ ကြောက်ရကောင်းမှန်းသိပြီး ရှောင်ကြဉ်နိုင်ဖို့ ကုလိုလ်ကို ချစ်မြတ်နိုးရကောင်းမှန်းသိပြီးလုပ်နိုင်ဖို့  ယဉ်ကျေးသိမ်မွေ့တဲ့ လူလိမ္မာများဖြစ်လာစေနိုင်ပါတယ်။

          သံလုံး၂လုံးရှိတယ်

          ၁။ တစ်လုံးကအေးပြီးမစင်တွေလူးနေတယ်  ၂။ တစ်လုံးကပူတယ် ။ ပထမတစ်လုံးက အေးနေပေမယ့်လို့ မစင်တွေပေနေတဲ့အတွက်ရွံလို့မကိုင်ဘူး။ ဒုတိယအလုံးက မစင်မလူးပေမယ့် ပူတဲ့အတွက်ကြောင့် ကြောက်ရွံ့လို့မကိုင်ဘူး။ ရွံလို့မကိုင်တာရယ်၊  ရွံ့လို့ မကိုင်တာရယ်။ ရွံလို့မကိုင်တာသည် ဟိရီနဲ့တူတယ်၊ ရွံ့လို့မကိုင်တာသည် သြတ္တပ္ပနဲ့တူတယ်။ ဟိရီဆိုတာက အရှက်တရား သြတ္တပ္ပဆိုတာကကြောက်ရွံ့တဲ့တရား။လူ့သဘာဝအကျင့်ဆိုးမကောင်းမှုဒုစရိုက်မျိုးကို ရွံစရာအနေ ရွံ့စရာအနေ ရှက်စရာအနေ ကြောက်စရာအနေနဲ့သိမြင်ပြီး ရှောင်ကြဉ်ရဲတဲ့သတ္တရှိရမယ်။

          ကိုယ့်အတွက် သူများအတွက် ၂ ဦးလုံးအကျိုးရှိမယ့်အလုပ်ဆိုရင်တော့ လုပ်ရဲတဲ့သတ္တိရှိရမယ်။

         ဦးဇင်းတို့ဒကာတို့လည်းသင်တန်းဖွင့်တာဘယ်လိုအခက်ခဲကြုံရမယ်ဆိုတာမသိဘူး၊ဒါပေမယ့်ဒါတွေကိုအလေးမထား၊လုပ်သင့်တဲ့ကောင်းတဲ့လုပ်ငန်းတွေဆိုတာကိုသိထားတော့ရဲရဲဝံ့ဝံ့လုပ်ရဲတယ်။

          ဦးဇင်းတို့သာသနာပြုတယ်ဆိုတာ ဘုန်းကြီးတွေချည်းပြုလို့မရပါဘူး။

          ဆရာဒကာလက်တွဲညီညာပြုပါမှ သာသနာပြုရတာအစဉ်ပြေမှာပါ။

          သဂါရာ အနာဂါရာစ ဥဘောအညောည နိဿိတာ ၊အာဓါရယန္တိ သဒ္ဓမ္မံ ယောဂ္ဂက္ခေမံ အနုတ္တရံ။

          ဆရာ ဒကာဆိုတာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီဆိုသလို အညမညပစ္စည်းနဲ့ ကျေးဇူးပြုပါတယ်။

          ဘယ်လိုကျေးဇူးပြုလည်းဆိုရင် ဒကာတွေက ဘုန်းကြီးတွေကို ပရိယတ္တိ၊ ပဋိပတ္တိကို အားထုတ်နိုင်အောင် ပစ္စယာနုဂ္ဂဟဆိုတဲ့ပစ္စည်းလေးပါးတို့ဖြင့် ပူဇော်ခြင်း။ဘုန်းကြီးများကလည်း ဒကာတွေကို ဓမ္မနုဂ္ဂဟလို့ခေါ်တဲ့ တရားဓမ္မတွေကို ဟောပြောပြသ သင်သင်ညွှန်ကြားပေးခြင်းအားဖြင့် အပြန်အလှန်ကျေးဇူးပြုပါတယ်။

         မိမိကိုယ်တိုင်ကိုယ်နှုတ်နှလုံးယဉ်ကျေးသိမ်မွေ့အောင်နေထိုင်ပြောဆိုခြင်းဖြင့် ကိုယ်ပိုင်သာသနာဖြစ်အောင်ဖြစ်အောင် ကိုယ်တွင်းသာသနာပြုခြင်း။ သူတစ်ပါးတွေကိုလည်းကိုယ်နှုတ်နှလုံးယဉ်ကျေးသိမ်မွေ့အောင် ဆောင်ရွှက်ပေး ခြင်းအားဖြင့် ပြင်ပသာသနာပြုခြင်း အားဖြင့်သာသနာတော်ကို ထိမ်းသိမ်းစောင့်ရှောက်ရမယ်။

          လူ့သဘာဝ အကျင့်ဆိုး မကောင်းမှု ဒုစရိုက်မျိုးကို  ရှောင်ရဲတဲ့သတ္တိ၊ ကောင်းမှုသုစရိုက်များကို ပြုလုပ်ရဲတဲ့သတ္တိများ တိုးပွားလာနိုင်ခြင်း စတဲ့ကောင်းကျိုးများ ဖြစ်ထွန်းလာမယ်ဆိုတဲ့ ပဥ္စမရည်ရယ်ချက်ဖြင့်လည်း ဤဗုဒ္ဓယဉ်ကျေးမှု သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါတယ်။

          မြတ်ဗုဒ္ဓရဲ့ နောင်အနာဂါတ်သာသနာတော်မြတ်ကြီးအတွက် သံဃာတော်အရှင်သူမြတ်များနှင့်တကွ သင်တန်းသားသင်တန်းသူများ ဒကာဒကာမများက သွေးအေးမနေကြပဲ ဆရာဒကာလက်တွဲညီညီ တာဝန်ကိုယ်စီကျေပွန်စွာထမ်းဆောင်ကြပါစို့လို့ တိုက်တွန်းရင်း ဤဗုဒ္ဓယဉ်ကျေးမှု သင်တန်းကို ဖွင့်လှစ်ရခြင်းအကြောင်းကို

နိဂုံးကမ္ပတ် အဆုံးသတ်လိုက်ပါတယ်။

အရှင်အရိယာစာရ  (တန့်ဆည်)

ဓမ္မအေးရိပ်ကျောင်း၊

ဥက္ကလံမြို့၊ကယ်လီဖိုးနီးယားပြည်နယ်


Comments

Popular posts from this blog

ကထိန် အကြောင်း သိကောင်းစရာ "

မဟာသတိပဋ်ဌာနသုတျ နိဒါနျး ။ မဟာသတိပဋ္ဌာနသုတ် နိဒါန်း